ကံ့ကော်တောဘုရားရှေးဟောင်းကံ့ကော်တောဘုရားသမိုင်းအကျဉ်းချုပ်
နမောတဿဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒဿ ပဉ္စဂုဏာ အဟံ ၀န္တာမိရှေးလူကြီးများရေးသားခဲ့သောအလင်္ကာဇမ္ဗူဒီပါ၊ ကျွန်းတောင်ယာဝယ် ရတနာထူပြော စဉ်ပင်ပေါသည်၊ မနောရမ္မာ၊ ကျွန်းအောင်ရှာထက်၊ ရှေးကလူပေါင်း ရှေးလူဟောင်းတို့၊ ပျော်ကောင်းလူ့ဘောင်၊ သေလာတောင်ဝယ်၊ ခေါ်ဆောင်မှန်ကူ၊ ရွာကျောက်ဖြူထက်၊ ရှေးမူမော်ကွန်း၊ တည်ထွန်းစဉ်လာ၊ ရွာချခါဝယ်၊ ခေါ်ရာပရေ။ ရှိနေလူများ၊ အရပ်သားနှင့်၊ အောင်သားမည်ခါ၊ င/သထာဟု၊ ခေါ်မှုမှန်စွာ၊ ကွန်ဆရာသည်၊ လင်းခါချိန်ထေက်၊ မိုးလင်းရောက်က၊ မြိုက်(မြစ်) စယောင်ယောင်၊ င/ပြီတောင်နား၊ ကွန်စွန့်သွားရာ (ကွန်ပစ်သွား)၊ င/သထာဟု၊ ခေါ်ရာထိုသူ၊ ပြစ်လေဟူက ကွန်မူထွေးယှက်၊ ငြိလျက်ရှိရာ၊ စမ်းလေပါသော်၊ မြတ်စွာရုပ်ပွား၊ ဆင်းတုအားကို၊ တွေ့ပြီးသောအခါ၊ ရွာပြန်လာရောက်၊ ကြောက်မက်စဖွယ်၊ မြစ်ပင်လယ်မှာ၊ ဘယ့်နှယ့်ကဲ့သို့၊ ဖြစ်သမျိုးဟု၊ ပုထိုးတဆူ၊ ရှိသည်ဟူ၍၊ လူများသိစေ၊ ပြောကြားလေသော်၊ ကြီးထွေးမောင်ဝမ်း၊ ရွာဆော်ရွန်း၍၊ ရွှင်လန်းအားရ၊ ရပ်သားရွာသူ၊ ကျွက်ကျွက်ဆူမျှ၊ ပင့်ယူလက်သော်၊ ခုမူတည်ရာ၊ ရက်ခံသာက၊ ပြောင်းကာတထိတ်၊ ပင့်ဖိတ်ကြရာ၊ မရပါသော်၊ လွန်သာထယ်ဆွဲ၊ ကြိုးစားခဲ့လည်း၊ ခဲလေသမျှ၊ သဲရေကျသို့၊ လွန်ကြိုးပြတ်ကျ၊ မြတ်ဗုဒ္ဓ၏၊ တေဇတောက်ထွန်း၊ ဘုန်းရောင်လျှမ်းသည် ထွန်းနေပမာ၊ စောမြတ်စွာကို၊ တကာပရေ၊ တည်လေသက္ကရာဇ်၊ နှစ်၏ကောဇာ၊ တရာ့လေးဆယ်၊ စွန်းဝယ်ခုနှစ်၊ ရတုဟေမာန်၊ မြေညံသောင်းစဲ၊ တပို့တွဲလ၊ ဆန်းစပုဏ္ဏမီ၊ တိထီခြောက်ရက်ဇီဝါရက်တွင်၊ တည်ရက်မှန်လှ၊ မြတ်ဗုဒ္ဓကို၊ ခေါ်ထမိန့်မော၊ ကန့်ကော်တောဝယ်၊ မနောကြေငြာ၊ တည်ထားပါသည်။ ရောင်ဝါခြောက်သွယ်၊ ၀င်းစေသော်။ (ဤကား မြောက်ဘက်ဘုရား ရုပ်ပွားတော်ကြီး အကြောင်းအရာများပေတည်း)
၁။ တကာပရေ = ရွာကို ကြီးကြပ်အုပ်ချုပ်သူ။
၂။ မောင်ဝမ်း(ရွာသူကြီး) = ရွာတွင် ဆော်သြသူ။
၃။ သထာ(ကွန်ဆရာ) = ကွန်ပစ်သူ (ဘုရားတွေ့သူ)
ဤလင်္ကာ အရလည်း ကံ့ကော်တောဘုရား ရုပ်ပွားတော်များမှာကောဇာ(၁၄၇)ခုနှစ် တပို့တွဲလဆန်း ခြောက်ရက်နေ့ ကိုးကွယ်သည်ဟု မှတ်ယူတွေ့ရှိရပါသည်။
သမုဒ္ဒရာထဲရှိတိုင်းပြည်ကြီး
မြတ်စွာဘုရားသခင် ပရိနိဗာန် စံလွန်တော်မူပြီးစ အချိန်အခါမှစ၍ ပေါ်ပေါက်လျက်၇ှိသော စကားရပ်များမှာ ကံ့ကော်တောဘုရား ရုပ်ပွားတော်များနှင့် ဆက်စပ်လျက်ရှိသော စကားတစ်ရပ်ပင်ဖြစ်လေသည်။ရှေးသရောအခါ၌ ကောတုန်တရစ်တိုင်းဟု၍ တိုင်းကြီးတစ်တိုင်းမှာ ထင်ရှားစွာရှိခဲ့လေသည်။ ၄င်းတိုင်းဧ။် အကျယ်အ၀န်းမှာ ရှေ့ဘက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဘက်သို့ ဘင်္ဂလားအော်အထိ ကျယ်ပြန့်လေသည်။ အဆိုပါတိုင်းပြည်တွင် မဒ္ဒရာဇ်မင်းကြီး စိုးစံအုပ်ချုပ်ပြီး သားတော်(၃)ပါး ထွန်းကားလျက်ရှိလေသည်။ ၄င်းတို့ မှာ နောင်တော်ကြီး၊နောင်တော်လေးနှင့် အာဝ ဟူ၍ အသီးသီး ခေါ်တွင်ကြလေ၏။ အခါတစ်ပါးသောနေ့၌ ဘခမည်းတော် မဒ္ဒရာဇ်မင်းကြီး နတ်ရွာလားလေသော် သားကြီးဖြစ်သော နောင်တော်ကြီးမင်းသားအား ထီးနန်းရိပ်ရာ အပ်နှင်းကြလေသည်။ ညီတော် အလတ် နောင်တော်လေးက အိမ်ရှေ့စံအဖြစ်လည်းကောင်း၊ ညီတော် အာဝမင်းသားအား စစ်သူကြီးရာထူးဖြင့် အသီးသီးဝေမျှ အုပ်ချုပ် ကြလေသည်။ ထိုသို့ ညီနောင်(၃)ဦး စီးမံအုပ်ချုပ်မင်းလုပ်နေကြစဉ် အတွင်း ပြည့်ရှင်မင်းဖြစ်သော နောင်တော်ကြီးသည် ဥပုသ်ဆောင်ဝင်လိုလှသော အာသီသစိတ် ပြင်းထန်လာသဖြင့် ညီတော်လတ်ဖြစ်သည့် နောင်တော်လေး အိမ်ရှေ့မင်း သားအား ဆုံးမသြ၀ါဒပေးပြီး နန်းရပ်ထီးဖြူ အပ်နှင်းတော်မူပြီး တောအရပ်သို့ ထွက်ခွာသွားတော်မူလေသည်။ ထိုသို့ နောင်တော်ကြီးဘုရားတောထွက်၍ နှစ်လများ အတန်ကြာညောင်းလေသော် ပြည့်ရှင်မင်းနောင်တော်လေးသည်လည်း အစ်ကိုနောင်တော်ကြီးနည်းတူပင် အညရ၀ါသီ တောရပ် မှီးလေတော့သတည်း။ ထီးနန်းအရိပ်အရာအား ညီတော် အငယ်ဆုံး အာဝမင်း အုပ်ချုပ်လေတော့သည်။ သို့နှင့် နောင်တော်လေးမင်းကြီးသည် ထီးနန်းစွန့်ပြီး နောင်တော်ကြီးသွားရာ အရပ်ဘက်သို့ ရှေး ရှုပြီးလိုက်လေသော် တိုင်းပြည်တော် နှင့်အလွန်ဝေးလွန်းသော တောင်တန်းတစ်ခုတွင် တွေ့ဆုံကြလေ၏။ ထို့သို့တွေ့ဆုံရာတွင် တိုင်းပြည်ရေးရာ အကျိုးအကြောင်းနှင့် စပ်လျဉ်း၍ ပြောဆိုကြပြီး သော် မိမိအားလည်း နောင်တော်နှင့် အတူတစ်ကွ တရားအားထုတ်ခွင့်ပြုပါရန် လျှောက်ထား တောင်းပန်လေသော် နောင်တော်ကြီးက ငါ့ညီတော် တရားအား ထုတ်လိုသော် ဟိုဘက်တောင်တန်းမှာ နေလေတော့ဟု ညွှန်ကြားလိုက်လေသည်။ညီနောင်နှစ်ဦးတို့လည်း မိမိတို့နေရပ်၌ ပင် တရားကျင့်သုံး၍ အသက်ထက်ဆုံးနေကြလေကုန်၏။၎င်းအရပ်သည် ရမ်းဗြဲကျွန်း မြောက်ဘက်ကျသည့် ပင်လယ်ထဲတွင်ရှိကြလေ၏။ ထိုနေရာအား နောင်တော်ကြီးတောင်နှင့် နောင်တော်လေးတောင်ဟူ၍ ယခုထက်တိုင် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြလေသည်။ ထိုစဉ်အခါ ကောတုန်တရာဇ်တိုင်းပြည်၌ ညီငယ်တော် အာဝမင်းသားသည် မင်းကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်မှု မရှိလေသောကြောင့် တိုင်းပြည်တော်သည် ခိုးသားဓားပြ မကောင်းမှုများ ရောပြွန်းလျက်ရှိခြင်းတို့ကြောင့် တိုင်းသူပြည်သားလူအများတို့ ငတ်မွတ်ခေါင်းပါးသော ဘေးကပ်ဆိုးကြီး ဆိုက်ရောက်နေလေ၏။ တိုင်းပြည်ကြီးသည်လည်း မငြိမ်မသက်ဖြစ်လေတော့သည်။ အဆိုပါတိုင်းပြည်တွင် တိုင်းသူ ပြည်သားအပေါင်းတို့ ပူဇော်ကိုးကွယ် ကြည်ညိုကြသော တန်းခိုးကြီးရုပ်ပွားတစ်ဆူ ၇ှိလေ၏။ (တစ်ချို့က နှစ်ဆူရှိသည်ဟူ၍လည်း ပြောကြသည်)ထိုတန်းခိုးကြီးရုပ်ပွားတော်ကြီးအား မရိုသေ မကိုင်းရှိုင်းကြပဲ မသင့်လျော်သော အမှုကို ပြည်သူများ ပြုကျင့်ကြကုန်၏။ထိုတိုင်းပြည်၌ သီလ၊ သမာဓိမြဲသော င/ပု အမည်ရှိ အဘိုးအိုလင်မယားနှစ်ဦး (တစ်ချို့က င/ပု နှင့် င/လာ ညီအစ်ကို နှစ်ယောက်ရှိကြောင်းပြောကြသည်။) က မိမိတို့ ကိုးကွယ်သော တန်းခိုးကြီး ဘုရားအား ဤသို့ပြုကျင့်နေကြခြင်းမှာ မသင့်လျော်ကြောင်းများ ပြောဆိုဟန့်တားသော်လည်း မရရှိခဲ့ပေ။ င/ပု လင်မယားမှ လွဲ၍ ၄င်းတို့၏ သားသမီးများပင်လျင် မကောင်းသော အမှု ဖြင့် ဘုရား၌ပြုကျင့်ကြကုန်၏။
နတ်များအိပ်မက်လာပေးခြင်း
တစ်ညသော အခါ၌ င/ပု လင်မယားအိပ်ပျော်နေစဉ် သမာဒေ၀နတ်များ လာပြီး ဤကောတုန်တရာဇ်တိုင်းအား ရက်သတ္တပါတ်အတွင်း နဂါးတို့ရေနှစ်ကစားတော့မည် ဖြစ်၍ သင်တို့လင်မယားလွတ်ရာသို့ ပြေးကြလေကုန်။ ထိုသို့သွားသော အခါ၌ လည်း သင်တို့နှစ်ဦးမှလွဲ၍ မည်သူ့အားမှ အသိမပေးကြဘဲ ဘုရားပင့်ဆောင်ပြီး ယူကြလေဟု အိပ်မက်၌ ပြောကြားခဲ့လေ၏။ င/ပု အဘိုးအို အိပ်ရာမှ လန့်နိုးလတ်သော် အနီးတွင် ငွေထောင်ထုပ်ကို တွေ့ရှိရလေ၏။ နံနက်မိုးသောက်အလင်းရောက်သော် အဘိုးကြီးသည် ဇနီးသည် အဘွားကြီးအား အိပ်မက်အကြောင်းများပြောကြား၍ ငွေထုပ်အားပေးပြီး တစ် စုံတစ်ယောက်သောသူအား မပြောကြားရန်မှာထားလေ၏။ အဘွားကြီးကား မိခင်ဖြစ်ခြင်းကြောင့် သားသမီးနှစ်ဦးတို့အား တိတ်တစ်ဆိတ်ပြောထားလေရာ သွားချိန်နီးတွင် င/ပု အဘိုးကြီးဘုရားသွားရောက်ပင့်လေသော် ပင့်မရဘဲရှိနေလေ၏။ထိုအခါ င/ပု အဘိုးသည် ဘုရားရုပ်ပွားတော်အား အကြိမ်ကြိမ် အဖန်ဖန်ကြိုးစား၍ ပင့်ယူပါသော်လည်း အချီးအနှီးဖြစ်နေလေသောကြောင့် အဘွားကြီးအား မှန်ရာပြောရန် မေးမြန်းရာ အဘွားကြီး က သားသမီးများအား ထုတ်ဖော်ပြောမိပါကြောင်းဝန်ခံလေ၏။ ထို့ကြောင့်ဘုရားအားပင့်မရခြင်းဖြစ်ကြောင်း အမှန်မုချ သိရှိသဖြင့် အဆိုပါနေ့ရက်တွင်မသွားတော့ဘဲ နောင်တွင် မည်သူမျှ လုံးဝအသိမပေးတော့ဘဲ တိတ်တဆိတ်ဘုရားအားသွားရောက်ပင့်ယူရာ လွယ်ကူစွာ ရခဲ့ခြင်းကြောင့် အဘွားကြီးအား နတ်ပေးသော ရွှေထုပ်အားရွက်စေကာ ကောတုန်တရာဇ်တိုင်းပြည်မှ တိတ်တဆိတ်ထွက်လာကြလေ၏။ ထိုသို့ထွက်လာရင်းပင် ယခုအခေါ် လိပ်ခမော် ရွာဟောင်းအနီးရှိ တောင်ငယ်တစ်ခုသို့ရောက်ရှိ၍ အပန်းဖြေရပ်နားကြလေ၏။ ၄င်းတောင်ငယ်ကို ယခုထက်တိုင် င/ပု တောင်မော် ဟု ခေါ်တွင်လျက်ရှိနေလေသည်။
ရှာမတွေ့သော မဟာ မြတ်မုနိအရပ်
်
အဘိုး င/ပု လင်မယားတို့သည် ၄င်းတောင်ငယ်၌ အမောအပန်းဖြေနေကြပြီး မိမိတို့ လာရာလမ်းအတိုင်း အနောက်ဘက်သို့ မျှော်၍ ကြည့်ကြလေသော် ကောတုန်တရာဇ်တိုင်းပြည်နေရာတွင် သမုဒ္ဒရာပင်လယ်ရေပြင်ကြီးအတိ ဖြစ်နေသည်ကို သာ တွေ့မြင်ရလေ၏။ ထိုပင်လယ်ကမ်းစပ်တွင် ယခု ဂေါ်တူခေါ်၇ွာ ငယ်တစ်ခုရှိလေ၏။ (တစ်ခါတစ်ရံ အလွန်ဖြားစစ်ချိန်(ဒီရေကျချိန်)တွင် ပင်လယ်သမုဒ္ဒရာထဲရှိနန်းခေါင်တိုင်အား မြင်ကြရကြောင်းကြားဘူးခဲ့ရပေသည်။) င/ပု လင်မယားတို့ ကား ခရီးတစ်ထောက်ဆက် လျှောက်ရပြန်သော် အလွန်ပင်ပန်းနွမ်းရိလာခြင်းတို့ကြောင့် အဘွားအိုက ဤဘုရားရုပ်ပွားတော်နဲ့ ငွေထုပ်အား ထားခဲ့ကြရန်ပြောကြားသော်လည်း င/ပု အဘိုးအိုကား ရှေ့သို့ဆက်၍ ယူလာရန်သာ ပြောပြီး ခရီးတရွေ့ရွေ့ ဆက်၍ သွားလေ၏။ သို့နှင့် ယခုကျောင်းကလေးအနီးရှိ သရက်တောအုပ်ကြီးထဲသို့ ရောက်လာကြလေသည်။ ဤနေရာတွင်ရပ်တန့် အမောဖြေကြပြီးလျှင် ငွေထုပ်အား သရက်ပင်များအောက်တွင် မြှုပ်နှံ၍၄င်း၊ ဘုရားရုပ်ပွားတော်မြတ်အား သင့်လျော်သော နေရာတွင်ထား၍ ပူဇော်ကန်တော့ခြင်းပြုလုပ်ကြပြီး မဟာမုနိအရပ်ဘက်သို့ ထွက်သွားကြလေသည်။ (မဟာမုနိအရပ်ကား အဘယ်ကိုခေါ်လေသနည်း။ ကျောက်တော်ဘက်ရှိ မဟာမုနိဘုရားအရပ်ကို ခေါ်လေသလားဟု ယခုတိုင် အတိအကျ မသိရသေးချေ။).
ကံ့ကော်တောဘုရားဟုခေါ်တွင်ရခြင်း
ရှေးလွန်လေပြီးသော အခါက လူနေအိမ်ခြေ လှေကားတစ်ထောင်ရှိသော ရွာကြီးတစ်ရွာသည် ကျောက်ဖြူတောင် အနီးတွင်တည်ရှိခဲ့၍ ကျောက်ဖြူရွာဟု ခေါ်တွင်လေသည်။(ယခုထက်တိုင် ကျောက်ဖြူတောင်ခြေရင်နားတွင် အတော်ကြီးမားသော ကျောက်ဖြူလုံးကြီးနှစ်လုံး ရှိနေသည်။ အချို့က ၄င်းကို ကျောက်မောင်နှစ်မ ၊အချို့က ကျောက်လင်မယားဟု အမျိုးမျိုးပြောဆိုကြသည်။ ၄င်းကျောက်ဖြူနှစ် လုံးကို အစွဲပြု၍ ကျောက်ဖြူတောင်၊ ကျောက်ဖြူရွာဟု ခေါ်ခြင်းဖြစ်လေသည်။ ထိုရွာတွင်လူကြီးအဖြစ်အုပ်ချုပ်သော င/ပုရှေဆိုသူ တောသို့သွား၍ င/ပု လင်မယားထားခဲ့သော ရုပ်ပွားတော်အား တွေ့ရှိရ၍ မိမိနေရာသို့ပင့်ယူလာရာ ကျောက်ဖြူရွာအနီးရှိ ချောင်းကမ်းထိပ်သို့ရောက်လေသော် အမောအပမ်းဖြေရပ်နားရာတွင် ဘုရားရုပ်ပွားတော်ပြန်လည်ပင့်ဆောင်မရ ဖြစ်နေလေ၏။ ထိုအခါရွာသားများအား ခေါ်ငင်ပြီးရထားပြုလုပ်၍ ဆွဲကြလေသော် လွန်ကြိုးသာ အလီလီပြတ်၍ ပင့်မရခြင်းကြောင့် ထိုနေရာတွင်ပင် ကျောင်းတော်ဆောက်၍ ကိုးကွယ်ကြရလေ၏။ ဘုရားပင့်မရခြင်းအကြောင်းသော်ကား ထိုချောင်းငယ်သည် ရွာသားများမစင်စွန့်ရာ ချောင်းဖြစ်၍ မဖြတ်လိုခြင်းကြောင့်လည်းကောင်း ၊ ယခုတိုင် ၄င်းချောင်းနေရာကို ချီးတောချောင်းဟု ခေါ်ကြလေသည်။)ဘုရားရုပ်ပွားတော် သီတင်းသုံးတော်မူရန် သင့်လျော်လျောက်ပတ်သော မြေသန့်မြေမြတ်သို့ ရောက်ရှိတော်မူ၍ လည်းကောင်း ၊ထိုနေရာမှ ပင့်ဆောင်မရဘဲ ဖြစ်နေလေသည်။ ထိုနေရာတွင် ကံ့ကော်ပင်များ တောအုပ်သဖွယ်ပေါက်နေကြခြင်းကို အစွဲပြု၍ ကံ့ကော်ကော ဘုရားဟု နာမ ထင်ပေါ် ခေါ်ဝေါ် ခဲ့ကြခြင်းဖြစ်လေသည်။ ဤကား တောင်ဘက်မှ သီးတင်းသုံးနေတော်မူသော ရုပ်ပွားတော်ငယ်၏ သမိုင်း အကြောင်းရပ်တည်း။(ထို့ကြောင့် ရုပ်ပွားတော်ငယ်မှာ ကံ့ကော်တောအုပ်သို့ ဦးစွာရောက်ရှိကြောင်းထင်ရှားပေသည်။)
မြောက်ဘက်မှ သီတင်းသုံးတော်မူသော ရုပ်ပွားတော်ကြီးအကြောင်း
ဤရုပ်ပွားတော်ကြီးအား ကျောက်ဖြူရွာသားတံငါသည် င/သထာသည် ငပြီတောင်မော်စွန်းအနီး ပင်လယ်ကမ်းစပ်တွင် သွားရောက်ငါးဖမ်းရာ ပိုက်ကွန်အတွင်း၌ အဆိုပါရုပ်ပွားတော်ကြီး ငြိတွယ်ပါလာ၏။င/သထာသည် ကြောက်လန့်ကြီးစွာ သူ၏ပိုက်ကွန်အတွင်း၌ ဘုရားပုထိုးတစ်ဆူပါလာကြောင်း ရွာသားများအားပြောကြားလေသော် ရွာအုပ်ချုပ်သူ င/ပရှေ နှင်ရွာဆော် မောင်ဝန်းတို့သည် ရွာသားများအခေါ်ယူပြီး ဘုရားရုပ်ပွားတော်ကြီးအား ပင့်ဆောင်ခဲ့ရာ ကံ့ကော်တောအုပ်အနီး ချောင်းကမ်းစပ်တွင် ရပ်နားကြစဉ် ယခင်ရုပ်ပွားတော်ကဲ့သို့ပင် ပင့်ယူမရ ဖြစ်ကြရပြန်သည်။ ဘုရားရုပ်ပွားတော်ကြီးသည်လည်းဤမစင်ချောင်းကို မဖြတ်လိုခြင်းကြောင့်လည်းကောင်း၊ မြေထွက်မြေမြတ်တွင် ယခင်ရုပ်ပွားတော်နှင့်အတူ သီတင်းသုံးတော်မူလိုခြင်းကြောင့် ပင့်ဆောင်မရခြင်းဖြစ်လေသည်။ ထိုရုပ်ပွားတော်ကြီးအား တစ်ချို့သောသူများက သီဟိုဌ်ကျွန်းမှ ကြွလာတော်မူသည်ဟု ပြောကြပေသည်။ တစ်ချို့တစ်ချို့သောသူများကမူ ကောတုန်ကရာဇ်တိုင်းမှ င/ပုညီ င/လာဆိုသူ ပင့်ယူလာခဲ့သော ဘုရားဖြစ်ပြီး လောင်းလှေမှောက်၍ ရေထဲကျသွားခြင်း ဖြစ်ကြောင်းအချို့သော သက်ကြီးဝါကြီးများက ပြောကြပေသည်။ င/လာ နေခဲ့ခြင်းကြောင့် ယခုထက်တိုင်လည်း င/ပြီတောင်တစ်ဘက်တွင် င/လာကုန်ဘောင် (ကုန်းမြင့်မှာ) ထင်ရှားစွာ ရှိပေသေးသည်။
နှစ်ဆန်းတစ်ရက်နေ့ ဘုရားပွဲပြုလုပ်ရခြင်းအကြောင်း
ဤတန်ခိုးကြီးရုပ်ပွားတော်မြတ်နှစ်ဆူအား သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ ထာဝစဉ် စောင့်ရှောက်လျက်နေကြကြောင်း ထင်ရှားလှပေသည်။ တစ်ခုသောနှစ်ဆန်းတစ်ရက်နေ့တွင် နတ်သဘင် ပေါင်းစုံ စည်းဝေးရန်ကြုံလာသောကြောင့် ဤဘုရားတွင် ထိုနေ့ထိုရက်၌ အစောင့်အရှောက်များကင်းမဲ့ နေမည်ဖြစ်၍ မသူတော်များလာရောက်ဖျက်ဆီးခြင်း မခံရစေရန် နှိုးဆော်စောင့်ရှောက် စေခြင်းဖြစ်သည်။ ပွဲတော်ချရန်ရေအခက်အခဲ ၊ဟင်းအခက်အခဲများ တွေ့နေရစဉ် ရေကို ဘုရားအနီးတွင် တူးဖော်ရရှိပြီး ဤ ပိန်းတောကြီးမှ ခူးယူချက်ပြုတ်ခြင်းဖြင့် ဟင်းအဖြစ်ပြုလုပ်၍ ပွဲတော်ချနိုင်ကြောင်း အိပ်မက်ပေး၍ ဘုရားတန်ခိုးတော်အား ယုံကြည်မြတ်နိုးခြင်းဖြင့် ပွဲတော်ပြုလုပ်လာခဲ့သည်မှာ ယခုတိုင်ဖြစ်ပါတော့သတည်း။မည်သည့်အချိန်ကာလသက္ကရာဇ်တွင် ဘုရားပွဲတော်စတင်ပြုလုပ်ခဲ့သော အမှတ်အသားလည်း မထားခဲ့ကြချေ။ရှေးနှစ်ပေါင်းများစွာကပင် ထင်ပေါ်ကြော်ကြားလျက်ရှိခဲ့လေသော၊ ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်သမုတ် လျက်ရှိသော ရှေးဟောင်းပေါ်တော်မူမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူသည်ကား ရခိုင်ပြည်ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၏ ဂုံးချိန်ကျေးရွာတောင်ဘက် ကံ့ကော်ပင်များရှိရာ အရပ်၌ တည်ရှိနေလေသည်။ အဆိုပါတန်ခိုးကြီးရှေးဟောင်းပေါ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှစ်ဆူသည် သီတင်းသုံး ကိန်းဝပ်တော်မူရာ သိမ်တော်မှာ ကျောက်ဖြူမြို့နှင့် (၅)မိုင်ကျော်ခန့်ကွာဝေးသော နေရာတွင်တည်ရှိပြီး ဂုံးချိန်ကျေးရွာနှင့်မူ (၂)ဖာလုံခန့်သာဝေးလေသည်။ ထို တန်းခိုးကြီးရှေးဟောင်းရုပ်ပွား တော်မြတ်နှစ်ဆူ၏ ဘုရားပူဇော်ပွဲတော်မှာ နှစ်စဉ်နှစ်ဆန်း တစ်ရက်နေ့တွင်သာ ပြုလုပ်ကျင်းပလေ့ ရှိပေသည်။ ဤကဲ့သို့ သင်္ကြံန်လွန်စ ထူးမြတ်သော နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်သော ဘုရားပူဇော်ပွဲမျိုးကား မရှိသလောက် အလွန်ပင်ရှားလှပေသည်။ ဤကံ့ကော်တော်ဘုရားပွဲတော်သည်ကား ကျောက်ဖြူမြို့နယ်တစ်ခုလုံးတွင် အထူးထင်ပေါ်ကျော်ကြားသော ဘုရားပွဲတော်ကြီးဖြစ်ပေသည်။ ရှေးဟောင်းရုပ်ပွားတော်မြတ် (၂)ဆူ၏ တန်ခိုးတော်သတင်းစကားများတို့ကြောင့်လည်း အရပ်ရပ်မှ လာရောက်ဖူးမျှော်ကန်တော့ ကြပေသည်။ မြန်မာသက္ကရာဇ် နှစ်ဆန်း(၁)ရက်နေ့သည်ကား ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အလွန်ထူးမြတ်သောနေ့ကောင်းနေ့မြတ် တစ်ရက်ပင်ဖြစ်ပေသည်။ ထို့ကြောင့်ပင် နှစ်ဟောင်းမှ မကောင်းသော ဘေးဒဏ်၊ ရန်မာန် အပေါင်းကင်းဝေးစေကြောင်း အလိုငှာ သင်္ကြန်အခါတွင်း၌ အိမ်ဦးခန်းတွင် အန္တရာယ်ကင်းအဖြစ် သပြေပန်းနှင့် ရေချမ်းအိုးများ တည်ကြခြင်း၊ တစ်ချို့လူကြီးမိဘများတို့သည် မိမိတို့သားသမီးများအား ရွှေရည်၊ငွေရည်၊တရော်ကင်မွန်းရည်များဖြင့် ခေါင်းဆေးမင်္ဂလာ ဆံရေလျှော်ပေးခြင်းများ ပြုလုပ်ပေးပြီး အန္တရယ်အပေါင်းကင်းဝေးပြီး ကျန်းမာချမ်းသာ ရွှင်လန်းကြစေရန် ဆုတောင်းမေတ္တာပို့ ပေးခြင်းများပြုလုပ်ကြပေသည်။ဤသို့ထူးမြတ်သော နှစ်ဆန်း(၁)ရက်နေ့တွင် ကံ့ကော်တောဘုရားပွဲပြုလုပ်ရန်အတွက် သင်္ကြန်အတက်နောက်ဆုံးရက်တွင် လူအပေါင်းတို့သည် မခေါ်မဖိတ်ပဲလျက်နှင့် မိမိတို့စိတ်ဆန္ဒအလျောက် မြို့ရောတောပါ ရွာပေါင်းများစွာတို့မှ လူကြီးလူငယ်၊ ယောင်္ကျားမိန်းမ၊ ကလေးလူငယ်ပါမကျန်၊အပျိုလူပျိုများ အားလုံး စုပေါင်းပြီလျင် သီဆိုကခုန်တီးမှုတ်၍ ဆီမီးပန်းနံ့သာ အမျိုးမျိုးဖြင့်လည်းကောင်း၊ ရေချမ်းအိုးများ ကိုယ်စီရွက်လာကာ လာရောက်ရေသပ္ပါယ် ကန့်တော့ကြသည်မှာ ပွဲတော်တစ်မျှ စည်ကားလှပေသည်။ဤ ကံ့ကော်တောဘုရားပွဲတော် ဖြစ်မြောက်ရေးအတွက် ဂုံချိန်ရွာမှ ဘုရားဂေါပက အ ဖွဲ့ဝင် ဥပသကာလူကြီးများမှာ ကြာသပတေးနေ့တိုင်း ငါးခရီးဝေးကွာသော ကျောက်ဖြူမြို့ပေါ်သို့ အပါတ်စဉ် မှန်မှန်တက်ရောက် အလှူခံခဲ့ကြပေသည်။ အမျိုးသမီးကြီးများအဖွဲ့ကလည်း ပွဲတော်ရက်မတိုင်မီ တစ်လခန့် အလို တပေါင်းလမှပင် မြို့ပေါ်သို့ သွားရောက်ပြီး အိမ်တိုင်းစေ့ဝင်ကာ ဆန်နှင့် အလှူငွေများကို စေတနာပေါက် တတ်အားသမျှ ပါဝင်လှူဒါန်းကြပါရန် ပြောဆိုအလှူခံယူကြပေသည်။ ၄င်းရသော အလှူငွေများဖြင့် ပွဲတော်လာပရိတ်သတ်များအား စတုဒီသာ နေ့လုံးပေါက် ထမင်းကျွေးမွေးနိုင်ရေးအတွက် လိုအပ်သော ငါးပိငါးခြောက်မှအစ ပစ္စည်းများကို ပြည့်စုံစွာ ၀ယ်ယူသွားကြပေသည်။ ကျောက်ဖြူမြို့နယ်တစ် ခုလုံးနှင့် အရပ်ရပ်မှ အလှူရှင်များကလည်းဤ ကံ့ကော်တော ဘုရားပွဲတော်အတွက် စေတနာထက်သန်စွာ ဖြင့်ပါဝင်လှူဒါန်းကြပေသည်။ ဤသို့ဖြင့် တန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ကံ့ကော်တော ပေါ်တော်မူဘုရားပွဲတော်သည် နံနက်(၄)နာရီ အာရုံဆွမ်းတော်ကပ်လှူချိန်ကပင် စတင်ကျင်ပခဲ့ရာ ညနေ(၄)နာရီအထိ တစ်နေ့တာမျှ ပြုလုပ်သော ဘုရားပွဲတော်ဖြစ်ပေသည်။ ဤသို့တစ်နေ့တစ်ရက်တည်းပြုလုပ်သော ဘုရားပွဲတော်ဖြစ်ခြင်းကြောင့်လည်း တစ်ခြားဘုရားပွဲတော်များကဲ့သို့ အငြိမ့်၊ဇတ်ပွဲများ လုံးဝမပါရှိပေ။ သို့သော် နံနက်ပိုင်းဆွမ်းပို့ချိန်တွင်မူ ရွာပေါင်းများစွာတို့မှ မိမိရပ်ရွာ ဓလေ့ထုံးစံအလိုက် အမျိုးမျိုးသော ကခုန်သီဆို တီးမှုတ်ခြင်းတို့ဖြင့် လှူဒါန်းဖွယ်ရာများနှင့် ဆွမ်းအိုးများကိုယ်စီရွက်၍ ဘုရားသိမ်တော်အား သုံးခေါက်ပတ်၍ တစ်ချို့ရွာများမှ ငါးခေါက်လှည့်ပတ်၍လည်းကောင်း ၊ တစ်ချို့သောရွာများမှ ခုနှစ်ခေါက်လှည့်ပတ်၍ လည်းကောင်း ဘုရားသိမ်တော်အား လှည့်ပတ်ဦးခိုက် ပူဇော်သက္ကာရပြုကာ ကန်တော့ပွဲကျင်းပနေကြသည့် သိမ်ပတ်ပွဲမှာ ကြည့်မ၀ ရှုမဆုံးအောင် အလွန်ပျော်ရွှင်ကြည့်နူးဖွယ်ရာအတိ ဖြစ်ကြရပေ၏။ပွဲတော်နေ့လည်ပိုင်းအချိန်တွင်ကား ရခိုင်လူမျိုးတို့၏ ဘုရားပွဲတော်တိုင်းတွင် ပါရစမြဲဖြစ်သော ရိုးရာပွဲတစ်ပွဲဖြစ်သည့် ကျင်ကိုင်ပွဲမှာလည်း နှစ်စဉ်ပါဝင်ပြုလုပ်ခဲ့ပေသည်။ ကျင်ကိုင်ပွဲတွင် ပထမရရှိသောသူသည် ရွှေမောင်း(ရွှေခွက်)၊ ဒုတိယရရှိသောသူသည် ငွေမောင်း(ငွေခွက်)ရရှိကြပေသည်။ရွှေမောင်းငွေမောင်းဆွဲချိတ်ပြီး အိမ်အပြန်လှလိုကြသော ကျင်သန် (ကျင်လုံးသူ)များမှာ တစ်ဦးနှင့်တစ်ဦးအကြိတ်အနယ် ဗိုလ်လုကြ၏။ ဤပွဲတော်မှာ အထူးစည်ကားခြင်း ရှိပေတော့သည်။ ထို့ပြင် နေ့လုံးပေါက်ကျွေးမွေးနေသော စတုဒီသာ မဏ္ဏပ်ကြီး၌လည်း နာမည်ကျော်ပြိန်းဟင်း (ပိန်းဟင်းချက်)အား တိုးခွေ့တောင်းယူ စားသောက်ကြခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ တစ်မျိုးဖြစ်ပေသည်။ ဤသို့ဖြင့်ကံ့ကောင်ရှင်ရုပ်ပွားတော်မြတ်နှစ်ဆူ၏ တန်းခိုးတော်များမှာ အံ့သြ၍မကုန်နိုင်လောက်အောင် များပြားလှခြင်းတို့ကြောင့် မိဘ ဘိုးဘေး ဘီဘင် အစဉ်အဆက်ဆက်ကပင် ယုံကြည်မြတ်နိုးခြင်းဖြင့် ကြည့်ညိုစွာ ကိုးကွယ်ခဲ့ကြသည်မှာ ယခုထက်တိုင်ပင်ဖြစ်ပါတော့သည်။ ထို့ကြောင့်လည်း ကံ့ကော်တောဘုရားခေါ် ရှေးဟောင်းရုပ်ပွားတော်နှစ်ဆူ၏ အံ့ဖွယ်ရာ တန်ခိုးသတင်းများအား ရပ်နီးရပ်ဝေးရှိကြ ကုန်သော ရဟန်းရှင်လူ သူတော်စဉ်များအားလုံး သိရှိကုသိုလ်ပွားများ နိုင်ကြစေရန် ရေးသားဖော်ထုတ်လိုက်ရပါသည်.။
အသက်အတိုအရှည် တိုင်းတာခြင်းနှင့် လိုရာဆုများ ဓိဌာန်ကြခြင်း
ဤကံ့ကော်ရှင်မြတ်နှစ်ဆူတွင် တောင်ဘက်မှ သီတင်းသုံးနေတော်မူသော ရုပ်ပွာတော်ငယ်အား တန်ခိုးပို၍ ထင်ရှားတော်မူသည်ဟု ယုံကြည်မှု ရှိကြပေသည်။ ထိုသို့ယုံကြည်ထားကြခြင်းကြောင့် အသက်တိုင်းတာ အဓိဌာန်ပြုကြရာတွင်လည်း ရုပ်ပွားတော်ငယ်ထံတွင်သာ ဆုတောင်းဓိဌာန် ပြုကြခြင်းကို တွေ့ရှိရပေသည်။ မည့်သည့်အချိန်အခါမဆို မိမိတို့အသက်ရှည်ခြင်း တိုခြင်းများနှင့် လိုရာဆုများတောင်းကြလျင် အချိန်အနည်းငယ် အတွင်း၌ ထင်ရှားစွာ ပြတော်မူသည်။ သင်းတို့ကြောင့် ဘုရားဖူးကြွရောက်လာကြသော ရဟန်းရှင်လူများတို့မှ စိတ်ဓါတ်ကြံ့ခိုင်ပြီး ကြောက်တတ်မှု မရှိသူများမှာ မိမိတို့အသက်တိုမည်ရှည်မည် သိရှိရနိုင်ရန် အသက်တိုင်းတာခြင်းများပြုလုပ်ရန် လုံးဝမသင့်လျော်ချေ။ ရှေးယခင်အခါက တစ်ချို့သောသူငယ် များမှာ ဤကဲ့သို့အသက်တိုင်းတာခြင်းပြုလုပ်ရာတွင် အသက်တိုမည်ကို မြင်တွေ့ရသော အချိန်မှပင် စိတ်မချမ်းသာမြှုဖင့် နေထိုင်မကောင်းဖြစ်လာပြီးလျင် မကြာမီသေဆုံးသွား တတ်ခြင်းကို တွေ့ရခြင်းတို့ကြောင့် အသက်တိုင်းတာ ပြုလုပ်ခြင်းကို လူကြီးမိဘများက အထူးဟန့်တားခဲ့ကြပေသည်။ သို့ကြောင့် တခြားသောလိုလားရာ ဆုများကိုသာတောင်းရန် ပြောခဲ့ကြပေသည်။ ဓိဌာန်ဆုတောင်းနည်းမှာကား အလွန်လွယ်ကူလှပေသည်။ ၀ါခြမ်းနှီးပြားစငယ် တစ်ခုခုကို မိမိတို့၏ တစ်တောင်ဆစ်မှ လက်ခလယ်ထိပ်ဖျားအထိ တိုင်းယူပိုင်းဖြတ်ပြီး ရေဖြင့်စင်ကြယ်စွာ ဆေးကြောရသည်။ ထို့နောက်ရုပ်ပွားတော် ငယ်၏ရှေ့တွင် ယုံကြည်သောစိတ်ဖြင့် ငါးပါးသီလခံယူလျက် လိုရာဆုများတောင်း၍ အရှင်ဘုရား၏တန်ခိုးတော်အား ပြတော်မူပါဘုရားဟု ရှိခိုးကန်တော့ကာ ရုပ်ပွားတော်ငယ်၏ ရင်ခွင်ပေါ်တွင်ဝါးခြမ်းစငယ်အား ဆက်ကပ်လှူတင်ထားရသည်။ အချိန်အနည်းငယ်ခန့်ကြာသော် ပြန်လည်ယူပြီး မိမိလက်ဖြင့် တိုင်းကြည့်ရသည်။ အသက်တိုင်းတာသူများနှင့် လိုရာဆုများကိုတောင်းသူများမှာ အသက်ရှည်၍ အလိုပြည့်မည်ဆိုလျင် ထိုဝါးခြမ်းစမှာ သိသိသာသာကြီးရှည်နေခြင်းကို တွေ့ရှိရပြီး ၊အသက်တို၍ အလိုမပြည့်သူများအတွက်မူ နဂိုကထက်တိုနေကြောင်း ထင်ရှားစွားတွေ့ကြရပေသည်။ ယခုအခါ ခောတ်နှင့်လျော်ညီစွာ ဤကဲ့သို့တိုင်းတာပြုလုပ်ခြင်းများ အလွန်နည်းပါးသွားပေသည်။ သို့သော် အလျင်းကား မပျောက်သေးကြောင်း တွေ့ရှိရပေသည်။ ဤသို့ထူးခြားခြင်းများမှာ ကံ့ကော်တောဘုရား၏ အံ့သြဖွယ်ရာများပင်တည်း။
သိုက်ဘုရားဟု ထင်မှတ်ခံရခြင်း
ရှေးယခင်အခါက ဂုံးချိန်ကျေးရွာတွင် အချိန်ကာလမဟုတ်ဘဲလျက် လေကြီးမိုးကြီး သည်းထန်စွာရွာသွန်းတိုက်ခတ်ခြင်း၊လျှပ်စစ်လက် မိုးကြိုးပစ်ချခြင်းတို့ ဖြစ်ပေါ်ရာ ရွာသားများစုရုံးပြီးလျှင် တုတ် ဓါးများကိုင်ဆောင်၍ ကံ့ကော်တောဘုရားရှိရာသို့ ပြေးလွှားလိုက်ကြပေသည်။ ထိုအချိန်တွင် ဘုရားသိမ်တော်အတွင်၌ ဖောက်ထွင်းသိုက်တူးကြသော မသမာလူတစ်စုတို့မှာ မိမိအသက်အန္တရာယ်လွတ်မြောက်မှုအတွက် မည်သည့်ပစ္စည်းကိုမှ မယူနိုင်ခဲ့ကြရဘဲ ကြောက်လန့်ကြီးစွာဖြင့် ထွက်ပြေးကြရပေသည်။ ယင်းတို့ကြောင့်သိုက်တူးရန်လာကြသော်လည်း အောင်မြင်မှု မရှိခဲ့ကြချေ။ မသမာလူတစ်စုမှာ ရုပ်ပွားတော်ငယ်အား သိုက်ဘုရားဟု ထင်မှတ်၍ ဖောက်ထွင်းကြသော်လည်း ရုပ်ပွားတော်ကြီးတွင်သာ နှစ်ကြိမ်တိုင်တိုင် ဖောက်ထွင်းခြင်းကို ခံခဲ့ရပေသည်။ ဤအကြောင်းများကို နောင်တွင် လုပ်ကြံရာ၌ ပါသောသူများက ဖွင့်ဟပြောကြားခြင်းကြောင့် သိရှိကြရပေသည်။ ဤသည်တို့မှာလည်း အလွန်အံ့သြဖွယ်ရာဖြစ်ပါတော့သည်။
ဘုရားအနီး အသက်သတ်မှု ရှောင်ကြဉ်ရခြင်း
ကံ့ကော်တော ပေါ်တော်မူ ဘုရားပွဲတော်တွင် မည်မျှပင် စတုဒီသာ ကျွေးမွေးသော အလှူတော်မဏ္ဏပ်ရှိစေကာမူ ပွဲတော်လာ လူထုပရိတ်သတ်များပြားလွန်းခြင်းတို့ကြောင့် မြို့ရောတောရွာများကပါ အပိုထမင်းဆိုင်များလာရောက် ရောင်းချကြပေသည်။ တစ်ချို့မိသားစု၊ ဆွေမျိုးစုများမှာ အိမ်မှပင် စုပေါင်းချက်ပြုတ်ခဲ့ပြီး စားသောက်ကြပေသည်။ တစ်ချို့မှာလည်း စုပေါင်းဝယ်ခြမ်းယူသွားပြီး သစ်ပင်ရိပ်ကောင်း နေရာတစ်ခုခုတွင် တစ်ပျော်တစ်ပါးချက်ပြုတ်စားသောက်ကြခြင်းလည်း ရှိပေသည်။ မည်သို့ပင်ရောင်းချစားသောက်ကြစေကာမူ အမဲကြက်ငှက်အစရှိသော သတ္တ၀ါများ၏ အသက် သတ်ဖြတ်ခြင်းများကို ဘုရားအနီးတွင် လုံးဝမပြုလုပ်ဘဲ ရှောင်ကြဉ်ကြရပေသည်။ တစ်ခါတစ်ရံ မသိ၍သော်လည်းကောင်း၊ မထေမဲ့မြင် ပြုလုပ်ပြီး အသက်သတ်ခြင်းဖြင့် ကြုံကြိုက်ခဲ့လျှင် ပွဲတော်နေ့တွင် မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်တတ်ပေသည်။ ဤသို့ မိုးရွာချခြင်းနှင့် ကြုံတွေ့ရလျှင် ဘုရားအနီးအသက်သတ်ခြင်းကြောင့် သွေးဆေးမိုးရွာချခြင်းဖြစ်သည်ဟု လူကြီးသူမ၊ သက်ကြီးဝါကြီးများက ပြောဆိုတတ်ကြပေသည်။
ပွဲတော်အတွင်း အန္တရာယ်ကင်းဝေးခြင်း
ဘုရားပွဲတော်ကျင်းပပြုလုပ်သော နှစ်ဆန်းတစ်ရက်နေ့နှင့် သင်္ကြန်အတက်နောက်ဆုံးနေ့ ဘုရားရေသပ္ပါယ်သော အချိန်များတွင်ကား လူထုပရိတ်သတ်များ အလွန်များပြားလှပေသည်။ ဤကံ့ကော်တောဘုရား ရေသပ္ပါယ်ရာတွင်လည်း အခြားဘုရားများကဲ့သို့ ရောက်လျှင်ချက်ခြင်း ရေသပ္ပါယ်ခြင်း မရှိကြပေ။ ရွာပေါင်းများစွာတို့မှ တစ်ရွာပြီးတစ်ရွာ သီဆိုကခုန်တီးမှုတ်ပြီး အမွှေးနံ့သာရေချမ်းအိုးများ ကိုယ်စီရွက်၍ ဘုရားသိမ်တော်အားမိမိတို့စိတ်ကြိုက် လှည့်ပတ်ဦးခိုက်ပူဇော်ပြီးမှသာ ရေသပ္ပါယ်ခြင်းကို ပြုလုပ်လေ့ရှိကြပေသည်။ ဤသို့ ရေကန်တော့ကြရာတွင်လည်း စိတ်ရှိသလောက် တစ်ဦးလျှင်(၃)အိုး ၊ (၅)အိုး၊ (၉)အိုးဖြင့်လည်းကောင်း ၊အချို့သက်စေ့အဖြစ်ဖြင့်လည်းကောင်း၊ ဘုရားအနီးရှိ နတ်ရေကန်ဟုခေါ်တွင်နေသော ရေကန်ငယ်မှ ခပ်ယူပြီး ရေသပ္ပါယ်နေသော ယောက်ျားများအားပေး၍ ရေကန်တော့ခြင်းပြုလုပ်ကြပေသည်။ ဤသို့ဖြင့်နေ့လည် (၁)နာရီလောက်မှပင် ညနေ(၅)နာရီကျော်(၆)နာရီခန့် မှသာ ရေကန်တော့ သပ္ပါယ်ခြင်းမှာ ပြီးစီးလေတော့သည်။မိမိတို့ရပ်ရွာသို့ နေ၀င်ချိန်မှပင်ပြန်ကြရသည်။ သွားရမည့်ခရီးမှာလည်း မနီးလှပေ။ အနီးဆုံးခရီးမှာ (၂)ဖာလုံ(၃)ဖာလုံ(၅)ဖာလုံခန့်သာရှိပြီး အဝေခရီးမှာ မိုင်အတော်ဝေးသော ခရီးကိုခြေလျင်လျှောက်၍ ပြန်ကြရသည်။ ရွှေငွေလက်ဝတ်လက်စား မည်မျှပင်ဝတ်ဆင်စေကာမူ လုယက်တိုက်ခိုက်ခြင်းများ လုံးဝမရှိခဲ့ပေ။ အချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ပွားမှုလည်း မရှိဘဲနှင့် ပကတိအေးချမ်းသာယာစွာ ပွဲတော်ပြီးမြောက်ခဲ့သည်မှာလည်း အလွန်အံ့သြဖွယ်ရာ ကောင်းသော တန်ခိုးတော်များပင် ဖြစ်ပေသည်။
နိမိတ်တော်ပြခြင်း
တိုင်းပြည်ရေး၊ရပ်ရွာရေးများ ထိခိုက်ပျက်ဆီးမည့် အကြောင်းများပေါ်ပေါက်တော့မည်ဆိုလျှင် ဤကံ့ကော်တော ရုပ်ပွားတော်များမှ ချွေးတော်ကျခြင်း၊ မျက်လုံးတော်များနီမြန်းခြင်း၊ မျက်နှာတော်များအက်ကွဲ ကြောင်းဖော်ပြခြင်း၊ စသည့် မကောင်းသော မင်္ဂလာအတိတ်နိမိတ်များ ပြတော်မူခဲ့ပေသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းနှင့် ထီးကျိုးစည်ပေါက်မင်းပါပျောက်ခဲ့ရသော အချိန်များတွင်လည်ကောင်း အထက်ဖော်ပြပါ အတိတ်နိမိတ်များ ဖြစ်ခဲ့ကြောင်း ကြားဘူးခဲ့ရပေသည်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးခဲ့ချိန်တွင်လည်း ဤကဲ့သို့နိမိတ်ပြတော်မူလာ၍ မြို့ရောတောပါ အုံးအုံးကျက်ကျက် သွားရောက်ကြည့်ရှုသည်ကို တွေ့မြင်လိုက်ရပေသည်။ ဤသည်မှာလည်း ထူးဆန်းအံ့သြဖွယ်သော ဖြစ်ရပ်များပင်တည်း။
ဥာဏ်တော်ငယ်သော်လည်း ၀ါစဉ်တောကြီးခြင်းဤရှေးဟောင်းပေါ်တော်မူ ကံ့ကော်တောဘုရားရုပ်ပွားတော်နှစ်ဆူတွင် ဥာဏ်တော်အကြီးတစ်ဆူ နှင့် ဥာဏ်တော်အငယ် တစ်ဆူဖြစ်လေသည်။ ရှေးယခင် မိဘဘိုးဘွားများ လက်ထက်ကပင် ဤရုပ်ပွားတော်နှစ်ဆူတွင် ဘယ်ရုပ်ပွားတော်က ဥာဏ်တော်ကြီးသည်၊ငယ်သည်ဟူ၍ အတိအကျမသိခဲ့ကြချေ။ ဤသည်တို့မှာ သတိမမူမိကြခြင်းကြောင့် ဖြစ်ပေသည်။ ယခုကားထူးခြားချက်ရှိခြင်းကြောင့် သတိဂရုပြုမိကြ၍ ဥာဏ်တော်ငယ်သော ရုပ်ပွားတော်ငယ်မှာ ၀ါတော်ကြီးကြောင်း သိကြရပေသည်။ အကြောင်းသော်ကား ကောဇာသက္ကရာဇ်(၁၃၃၃)ခုနှစ်တွင် မှန်စီရွှေချ ဖန်မှန်ပလ္လင်တော်ကြီး ပြုလုပ်ဆက်ကပ်လှူဒါန်းရန်အတွက် ယာယီပလ္လင်ပေါ်သို့ ရုပ်ပွားတော်ကြီးအား ဦးစွာပင့်ယူလာရန် သေချာစွာမှာကြားပြောဆိုလိုက်သော်လည်း ရုပ်ပွားတော်အငယ်သာလျှင် ယာယီပလ္လင်ပေါ်သို့ ဦးစွာပင့်ယူလာခြင်းကို တွေ့ရှိရပေသည်။ ယင်းသို့ ပထမအကြိမ် ထူးချားချက်ကိုတွေ့ရှိရခြင်းကြောင့် နောက်ထပ်ပြုလုပ်ရန်များကို အထူးဂရုစိုက် သတိထား၍ လုပ်ဆောင်ကြလေသည်။ မုခ်ဆောင်(၂)ခုနှင့် မှန်စီချယ်သော ပလ္လင်တော်မြတ်ကြီးအား ပြုလုပ်ရာတွင် ရန်ကုန်မြို့မှ ပန်းရန်အတတ်ပညာ ကျွမ်းကျင်နားလည်သော ဆရာကြီးများအဖွဲ့နှင့် ကျောက်ဖြူမြို့ရှိ လက်သမားပညာတွင် အလွန်ကျွမ်းကျင်နားလည် သိတတ်မှုရှိသော လက်သမားဆရာကြီးများကိုယ်တိုင်ပါဝင်၍ ပလ္လင်တော်မုခ်ပေါက်နှစ်ခုအား အနိမ့်အမြင့်တူညီရန် အထူးသတိထား ချိန်တိုင်းတာ၍ လုပ်ကိုင်စေကာမူ တောင်ဘက်ရုပ်ပွားတော်ငယ်၏ ပလ္လင်တော်နှင့် မုခ်မှာ မြောက်ဘက်ပလ္လင်တော်ထက် သိသာစွာ မြင့်နေကြောင်း တွေ့ရှိရပြန်လေသည်။ အကြိမ်ကြိမ်ချိန်ချ တိုင်းတာပြုလုပ်ပါသော်လည်း အနည်းငယ် ခန့်သော်လည်း မြင့်နေခြင်းသာ တွေ့ရှိရ၍ လက်သမားများနှင့် ပန်းရံဆရာကြီးများမှာ လက်လျှော့၍ ဤ အတိုင်းသာ ပြုလုပ်ကြရပေတော့သည်။ မှန်ပလ္လင်တော်ကြီးပြီးစီးသည့် အခါတွင်လည်း ရုပ်ပွားတော်ကြီးအား ပလ္လင်ပေါ်သို့ ဦးစွာပင့်ခိုင်းကြပြန်ရာ ပင့်ယူသူကလည်း ရုပ်ပွားတော်ကြီးကို ပင့်ယူသည်ဟု ထင်မှတ်သော်လည်း ရုပ်ပွားတော်ငယ်သာလျှင် မှန်ပလ္လင်အသစ်ကြီးအထက်ဝယ် ဦးစွာကြွရောက်တော်မူခြင်းကို တွေ့ကြရပြန်သည်။ ဤသည်တို့ကြောင့်ပင် ကံ့ကော်တောရုပ်ပွားတော်(၂)ဆူတွင် အငယ်ရုပ်ပွားတော်သည် အမှန်ပင်ဝါတော်ကြီးမည်ဖြစ်ကြောင်း အရာများမှာကား အလွန်ပင် ထူးဆန်းအံ့သြဖွယ်ရာများပင် ဖြစ်လေတော့သည်။
နာမည်ကျော်ပြိန်းဟင်းအကြောင်းပြိန်း
(ပိန်း)ဟင်းများသည် ယားယံတတ်သော ဟင်းမျိုးဖြစ်၍ လူတိုင်းမစားဝံ့ကြပေ။ အလွန်ကောင်းသော ပိန်းယဉ်မျိုးကိုပင်လျှင် တစ်ခါတစ်ရံ သွေးနှင့်မသင့်လျင် ယားယံခြင်းကိုဖြစ်စေတတ်သည်။ ထို့ကြောင့်ပင် ဤဟင်းမျိုးကို လူကြောက်သောဟင်းမျိုးဟု ခေါ်ဆိုကြလေသည်။ သို့သော် ဤကံ့ကော်တော်ဘုရားပွဲတော်တွင် ချက်ပြုတ်ကျွေးမွေးသော ပိန်းဟင်းမှာကား လုံးဝယားယံခြင်းမရှိပေ။ ဤသည်မှာကား ကံ့ကော်တောဘုရား၏ ထင်ရှားသောအံ့ဖွယ်များပင်တည်း။ ဤဘုရားပွဲတော်တွင် ရှေးအစဉ်အလာကပင် ပိန်းဟင်းမှလွဲ၍ မည်သည့်ဟင်းနှင့်မျှ လဲလှယ်၍ မကျွေးခဲ့ပေ။ ဤဟင်းသည်သာ ပွဲတော်လက်စွဲဟင်းဖြစ်ပေသည်။ ထောင်ပေါင်းများစွာသော ပွဲတော်လာပရိတ်သတ်များအတွက် ပိန်းမျိုးကောင်း ပိန်းယဉ်ဟင်းပင်များကို ဘယ်မှာရရှိနိုင်ပါမည်နည်း။ ယင်းတို့ကြောင့်ပွဲတော်မလုပ်မီ တစ်ပါတ်ခန့်ကပင် ကြိုတင်၍ အရပ်ရပ်နေရာတစ်ကာတွင် ပေါက်ရောက်နေကြသော ပိန်းဟင်းပင်များအား သွားရောက်ရှာဖွေကြရသည်။(ရှေးယခင်က ဘုရားအနီးတွင် ပိန်းတောကြီးများရှိနေ၍ တစ်ခြားသို့သွားရောက်ရှာဖွေရန် မလိုဟု ကြားသိရသည်။)ထိုသို့ အရပ်ရပ်မှ ရှာဖွေ၍ ရရှိလာသော ပိန်းပင်များအား ခုတ်သင်ပိုင်းဖြတ်ပြီး ဒယ်အိုးကြီးများဖြင့် ဖိသိပ်ချက်ပြုတ်ထားခြင်းမှာ စားဝံ့စရာပင်မရှိဟု ထင်မှတ်ကြသော်လည်း ပိန်းဟင်းအိုးကျက်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ်အိုး ကုန်သွား၍ စောင့်ဆိုင်း၍ပင် နေကြရပေသည်။ ဤသည်တို့ကြောင့်ပင် ကံ့ကော်တောဘုရားသွားခြင်းကို ပိန်ဟင်းစားရန်သွားသည်ဟု တင့်စား၍ ပြောဆိုလေ့ရှိကြပေသည်။ ကံ့ကော်တော ဘုရားတန်ခိုးတော်ကား ထင်ရှားပေ၏တကား။
အံ့သြစဖွယ်ရေကန်ငယ်
ဘုရားပွဲတော်များ ပြုလုပ်ကျင်းပရာတွင် ရေသည် အလွန်ကြီးလှပေသည်။ ရေမရှိသောအရပ်တွင်လည်းကောင်း၊ ရေနှင့်ဝေးလွန်းသောနေရာတွင်လည်းကောင်း ပွဲတော်လုပ်ရန် အလွန်ခက်ပေသည်။ ယခုကံ့ကော်တောဘုရားရှိရာ ဂုံးချိန်ရွာနှင့် (၂)ဖာလုံ (၃)ဖာလုံခန့်ဝေးလေသည်။ ယခင်အခါက ထိုရွာတွင်လည်း ရေတွင်းရေကန်များ မရှိသလောက်အလွန်နည်းပါးလှပေသည်။ မိမိအိမ်သုံးလက်ယက်သဲတွင်းငယ်များကိုသာ အသုံးပြုလေ့ပြုထရှိခဲ့ကြပေသည်။ နွေရာသီတန်ခူးလ အချိန်ဆိုလျှင် ရေရှားချိန်ဖြစ်နေပေပြီ။ ထို့ကြောင့်ကံ့ကော်တောဘုရားပွဲတော်တွင်လည်း ရေဒုက္ခဖြစ်မည်ထင်ရသော်လည်း ဘုရားတန်ခိုးတော်ကြောင့် ရေဒုက္ခမှ ကင်းဝေးကြရပေသည်။ အကြောင်းသော်ကား သိမ်တော်အနီးမှ (၄)ပေခန့် အနက်ရှိသော ရေကန်ငယ်တစ်ခုကအချိန်မရွေးခပ်ယူနိုင်ခြင်း ကြောင့်ပင်တည်း။ ထိုရေကန်ငယ်အား လူတိုင်းက နတ်ရေကန်ဟု ခေါ်ဝေါ်သမုတ် ထားခဲ့ကြလေသည်။ ၄င်းရေကန်ငယ်မှာ တစ်ခြားသောရေတွင်းရေကန်များကဲ့သို့ လူသူအများခပ်ယူနိုင်ခြင်းမရှိချေ။ တစ်ဦးတစ်ယောက်တည်းသာ ၀င်ရောက်ခပ်ယူနိုင်သော အလွန်ထူးဆန်းသော ပုံစံဖြင့် ပြုလုပ်ထားသော ရေကန်ငယ်မျိုးဖြစ်လေသည်။ ကမ္ဘာတွင် အငယ်ဆုံးသောရေကန် ဟုပင် ခေါ်ဆိုလောက်ပေသည်။ ရေကန်ငယ်၏ ပုံသဏ္ဏန်မှာလည်း လေးထောင့်ကျကျပြုလုပ်ထားသော ဆီထည့်သောကန်တော့ပုံကဲ့သို့ အထက်ကျယ် အောက်ကျဉ်းပြီး ရေအိုးတစ်လုံးသာ ၀င်ဆံ့ရုံမျှ ဆန်းကြယ်စွာပြုလုပ်ထားပေသည်။ အတွင်းသို့ဆင်းနိုင်ရန် တံခါးငယ်နှစ်ပေါက်ရှိသည်။ ကန်တွင်းပတ်ပတ်လည် အုတ်ဟောင်းများကို လှေကားထစ်သဖွယ် ရေခပ်ဆင်းနိုင်ရန် ပြုလုပ်ထားပေသည်။ မည်မျှပင်ခပ်ယူစေကာမူ ကုန်ခမ်း နောက်ကျိခြင်း မရှိသော ဤရေကန်ငယ်မှ တစ်ပွဲလုံးသုံးသောက်မကုန်ခြင်းဖြင့် ပွဲတော်ပြုလုပ်နိုင်ခဲ့ပေသည်။ (မိန်းမများရေမခပ် ရချေ။) ယခုနောက်ထပ်၍ လူအများခပ်ယူနိုင်သော ရေတွင်းကြီးနှစ်တွင်းနှင့် သံပိုက်လုံးတင် ရေလှောင်ကန်ကြီးများပါ ပြုလုပ်လှူဒါန်းထားကြပေသည်။
ကံ့ကော်တောဟုခေါ်တွင်ခြင်းနှင့် ကံ့ကော်ပင်များ ဦးခိုက်ခြင်း
ရှေးယခင်အခါက ဤနေရာတစ်ဝိုက်တွင် ကံ့ကော်ပင်များမှ လွဲ၍ တစ်ခြားမည့်သည့်အပင်မျှမပေါက်ခဲ့ပေ။ ရာပေါင်းများစွာသော ကံ့ကော်ပင်များသာ ပေါက်ရောက်နေပြီး အလွန်မွှေးကြိုင်သာယာသော တောအုပ်သဖွယ်ဖြစ်နေခြင်းတို့ကြောင့် ကံ့ကော်တောဟုရှေးယခင်ကပင်ခေါ်ဝေါ်သမုတ်ခဲ့ကြပေသည်။ ဤပေါ်တော်မူဘုရားရုပ်ပွားတော်များအား သိမ်တော်ဆောက်၍ ကိုးကွယ်ကြသည့် အချိန်မှစ၍ ရှိသမျှသော ကံ့ကော်ပင်များအားလုံးတို့မှာ ဘုရားသိမ်တော်ဘက်သို့ ထူးဆန်းစွာ ကိုင်းညွတ်ဦးခိုက်လျက် ရှိနေကြောင့်ကြားဘူးကြပေသည်။ ယခုအခါ လေပြင်းမုန်တိုင်းဒဏ် အကြိမ်ကြိမ်ခံရခြင်းအားဖြင့် လည်းကောင်း၊ ထို့ပြင် ထင်းခုတ်ကြသော တောခုတ်သမားများ၏ မဆင်ခြင်ဘဲ ခုတ်ယူဖြုန်းတီးကြခြင်းတို့ကြောင့် အနည်းငယ်ခန့်သာ ကျန်ရှိပေသည်။ ယခုကျန်ရှိနေသော ကံ့ကော်ပင် (၇)ပင်မှာလည်း သိမ်တော်ဘက်သို့ ကိုင်ညွတ်လျက် ရှိနေကြပေသည်။ ထို့ပြင်တစ်ရပ်မှာကား ကံ့ကော်ရှင်မြတ်နှစ်ဆူ၏ ဘုရားပူဇော်ပွဲတော်သည် ကံ့ကော်ပန်းရနံ့ မွှေးထုံပြန့်လေသည့် ပန်းပွင့်ချိန်နှင့် တိုက်ဆိုင်ကြုံကြိုက်နေခြင်းတို့မှာလည်း အံ့တစ်ပါးပင် ဖြစ်ပေတော့သည်။
ထူးထူးခြားခြား ဘုရားညီနောင် ပွဲညီနောင်ဘုရားညီနောင်ဟု ခေါ်ဆိုအပ်သော ဤကံ့ကော်တော ပေါ်တော်မူရုပ်ပွားတော်နှစ်ဆူ၏ တန်ခိုးတော်ထူးခြားမှုများတို့မှာကား လွန်စွာများပြားလှပေသည်။ ဘုရားသိမ်တော်သည် ရွာနှင့်အတန်ဝေးသောနေရာ တောထဲတွင် ရှိသော်လည်း မီးမသေ၊ရေမခမ်း ပန်းမညှိုးခြင်းများ တွေ့ရှိရပေသည်။ အချို့ အချို့သော ကုသိုလ်ရှင်များက ပွဲတော်နေ့တွင် စောစီးစွာထ၍ အာရုဏ်ဆွမ်းကပ်ကြသော်လည်း ဆွမ်းဦးလျက်တွေ့၇ကြောင်းများ ပြောကြားကြပေသည်။ ထို့ပြင် ထူးခြားခြင်းတစ်ရပ်မှာကား ပလ္လင်တော်တစ်ခုတည်းတွင် မုခ်(၂)ခုဖြင့် စံမြန်းတော်မူနေခြင်းမှာလည်း အလွန်တွေ့မြင်ရခဲသော ထူးခြားခြင်းတစ်ခုပင် ဖြစ်သည်။ နောက်တစ်ကြောင်းအံ့ဖွယ်ကောင်းခြင်း တစ်ကြောင်းမှာ ကံ့ကော်တောဘုရားပူဇော်ပွဲ ကျင်းပသောနေ့ဖြစ်သည့် နှစ်ဆန်း(၁) ရက်နေ့မှာပင်ကျောက်ဖြူမြို့မှ (၃)မိုင် (၂)ဖာလုံ ကွာဝေးသောနေရာတွင် တည်ရှိသော ရှေးဟောင်းကျောက်တစ်လုံးဂူ ဘုရားပွဲတော်ကလည်း ပါဝင်ကျင်းပပြုလုပ်ခြင်းပင် ဖြစ်ပေသည်။ ကံ့ကော်တောဘုရားပွဲတော်ကဲ့သို့ပင် နံနက်(၄)နာရီမှ ညနေ (၄)နာရီအထိ တစ်နေ့တာပွဲတော်ဖြစ်ပြီး စတုဒီသာ ကျွေးမွေးခြင်း၊ ရိုးရာကျင်တိုက်ပွဲများနှင့် စည်ကားသိုက်မြိုက်လှပေသည်။ ထိုနေ့တွင် ကျောက်ဖြူမြို့နယ် တစ်ခုလုံးမှ ပွဲတော် နှစ်ခုလုံးသို့ လူးလာတုံးခေါက်သွားရောက် ဖူးမျှော်ကန်တော့ခြင်းဖြင့် အလွန်စည်ကားပျော်ရွှင်ခြင်း ဖြစ်ကြရလေသတည်း။ ဤသည်မှာလည်း ကံ့ကော်တောရှင်မြတ်တို့၏ အံ့ဖွယ်များပင် ဖြစ်ပါတော့သည် တကား။ ကျောက်တစ်လုံးဂူဘုရားမှာလည်း အလွန်ထူးဆန်းစွာ ကျောက်တစ်လုံးတည်းတွင် ဂူပေါင်းများစွာ၊ ဘုရားပေါင်းများစွာဖြင့် ရခိုင်ဘုရင် မင်းဘာကြီးလက်ထက်မှ စ၍ တည်ထားခဲ့လေသည်။ ဤသို့တန်ခိုးတော်များ အပေါင်းနှင့် ပြည့်စုံတော်မူသော ကံ့ကော်တောရှေးဟောင်းပေါ်တော်မူ မြတ်စွာဘုရားရုပ်ပွားတော် နှစ်ဆူ၏ ထူးခြားသောဖြစ်ရပ်အကြောင်းအရာများမှာ ပေထက်အက္ခရာ ကျောက်စာပေများမှတ်သားထားခြင်းမရှိသော်ငြားလည်း အစဉ်ဆက်သော မိဘ ဘိုးဘေးဘီဘင်များပြောကြားခဲ့သောစကားများသည်ပင် ယခုထိတိုင်ပင် သမိုင်းကြောင်းတွင်နေခဲ့ပေသည်။
နတ်လူသာဓုခေါ်စေသတည်း၊သာသနာတော်အဓွန့် ရှည်ပါစေတည်း....
ဤကားကံ့ကော်တောဘုရားသမိုင်းအကျဉ်းသမိုင်းတည်း..
.ကိုကားချက်..ရွှေဖြူခင်မြလတ်(အရီးဒေါ်မြလတ်)..ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသမိုင်း
ဒေဘလော့ပိုစ့်အတွက်အကူအညီပီးခရေသူငယ်ချင်းအောင်မျိုးရွှေ B.S.C (Mathes)ကျောက်ဖြူ
သာလှဦး..(ကျောက်ဖြူ)(ခေတ္တ စင်ကာပူ)အားကျေးဇူးတင်ဟိပါကြောင်း..
ပြည်ပမှာရောက်နိန်ရေအတွက်ပိုစ့်မပြည့်စုံနိုင်သိမ့်ပါ....
Read more...